ဒါကျမှ နာမှာကြောက်တယ်
ခေတ်ရှေ့ပြေးနေသော လူငယ်တစ်ယောက် ဆေးခန်းတစ်ခုသို့ရောက်လာပြီး သူ့အလှည့်ကျရန် စောင့်နေလေ၏။
ထိုခေတ်ရှေ့ပြေးလူငယ်၏ အသွင်အပြင်ကို ကြည့်ပါ။
နားနှစ်ဖက်စလုံး၌ နားပေါက်တွေဖောက်ထားပြီး နားကွင်းတွေတပ်ထား၏။ ထိုမျှမက နှာခေါင်းဝတစ်ဖက်ကိုလည်း အပေါက်ဖောက်ကာ နားကပ်ပြားခပ်သေးသေးကို တပ်ဆင်ထားပြန်၏။
ထိုမျှသာ မကသေး။
လက်မောင်းနှင့် လက်ဖျံတို့မှာလည်း နာနီ နာနက် ဟု ခေါ်ကြသည့် ဆေးမင်ကြောင်တွေက အပြည့်။ သည်လိုမျိုး အလှအပအတွက် အနာခံထားရသည်က မနည်းမနော။
ထိုအခိုက် ကောင်တာမှ သူ့နာမည်ခေါ်သံကြား၍ ဆရာဝန်ရှိရာ အခန်းတွင်းသို့ဝင်သွား၏။ အကြောင်းရင်းက ကိုယ်လက်မအီမသာဖြစ်နေ၍ ဆေးခန်းလာပြခြင်းပင်။ ဆရာဝန်လည်း စစ်ဆေးမှုအမျိုးမျိုးပြုလုပ်ပြီးနောက် သောက်ဆေးများကို ညွှန်ကြားကာ-
“မောင်ရင့် လက္ခဏာက တုပ်တွေးဖြစ်တော့မှာ၊ သည်တော့ သောက်ဆေးလည်း သောက်တာပေါ့၊ အမြန်ပျောက်သွားအောင် ဆေးတစ်လုံးထိုးပေးလိုက်မယ်”
ဆရာဝန်၏ စကားကြောင့် ခေတ်လူငယ်လည်း မျက်စိမျက်နှာပျက်သွားကာ-
“ဆေးထိုးရင် နာမှာလားဟင်”
ဟု ဆိုလေရာ ဆရာဝန်လည်း လူငယ်၏နားကွင်း၊ နှာကွင်း၊ ဆေးမင်ကြောင်တို့ကို ကြည့်လျက် ဖနောင့်နှင့် ထပေါက်ချင်စိတ်များ တဖွားဖွား ဝင်လာခဲ့လေသတည်း။
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment