Header Ads

ကိုရွှေရိုးရဲ့ပုံပြင်

တစ်ခါက မြို့နယ်တစ်ခု၏ ခန်းမတစ်ခု၌ စာရိတ္တမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ဟောပြောပွဲတစ်ခုပြုလုပ်ရာ ကျောင်းသူကျောင်းသားများ အပါအဝင်မြို့နယ်သူ မြို့နယ်သားအပေါင်းတို့ တက်ရောက် နားဆင်ကြ၏။ ထိုဟောပြောပွဲသို့ ဖိတ်ကြားထားသော ဂုဏ်သရေရှိလူကြီးတစ်ဦးက စင်မြင့်ပေါ်သို့တက်ကာ “ရိုးသားခြင်း ဂုဏ်” အမည်ဖြင့် ဟောကြားလေ၏။

“ကျွန်တော် ငယ်ငယ်တုန်းကပေါ့ဗျာ-

ခရီးတစ်ခုကိုသွားရင်းနဲ့ လမ်းမှာ ရေဆာလာတယ်။ ခုကာလလို ရေသန့်ဘူးတွေ မရှိသေးတာမို့ အခက်တွေ့နေတော့တာပေါ့။ လမ်းဘေးဝဲယာမှာတော့ လူသွားလူလာဆိုတာမရှိသလောက်ပဲ။ အရိပ်ကောင်းတဲ့ ညောင်ပင်အောက်ရောက်တော့ ရေချမ်းစင်ကလေးများရှိမလားလို့ ရှာကြည့်ပါသေးတယ်။ ရှာပေမဲ့လည်း မတွေ့ခဲ့ပါဘူး။ ပတ်ဝန်းကျင် ဘယ်ညာကို ကြည့်လိုက်တော့ ဖရဲခင်းတွေခင်ဗျ။

ကျွန်တော်လည်း ဟန်ကျပြီဆိုပြီး လူသူကလည်း ကင်းရှင်းနေတာမို့ အနီးစပ်ဆုံး ဖရဲခင်းတစ်ခင်း ရှိရာသွားပြီး စတွေ့တဲ့ ဖရဲသီးတစ်လုံးကို ခူးလိုက်ပြီး ညောင်ပင်ရိပ်ရှိရာကိုပြန်သွားတယ်။ နောက် ရေဆာတဲ့ဒဏ် ပြေပျောက်ရအောင်လို့ ဖရဲသီးကိုခွဲပြီး ကိုက်ကြည့်လိုက်တဲ့အခါ ကျွန်တော်ရဲ့စိတ်ထဲ အသိတစ်ခုက ဖျတ်ခနဲ ဝင်လာတယ်။ အဲဒါဘာလဲဆိုတော့ ငါလုပ်လိုက်တဲ့အလုပ်ဟာ တကယ့်ကို မှားယွင်းသွားပြီဆိုတာပါပဲ”

အပြောအဟောကလည်းကောင်း၊ အာဝဇ္ဇန်းကလည်းရွှင်၊ ခေါင်းစဉ်နှင့် အကြောင်းအရာကလည်း ဟပ်မိလေတော့ ပရိသတ်ခမျာ စိတ်ဝင်စားသဖြင့် ငြိမ်သက်စွာ နားထောင်နေမိကြလေ၏။

“အဲဒါနဲ့ ကျွန်တော်လည်း တစ်ကိုက်ပဲ ကိုက်ရသေးတဲ့ ဖရဲသီးကိုယူပြီး မူလနေရာကိုသွားလို့ ပြန်ထားခဲ့ပါတယ်။ အဲသည်နောက်မှာတော့ ခုနကလို မမှည့်သေးတဲ့ဖရဲသီးတွေကို ရှောင်ပြီးရင့်မှည့်နေတဲ့ ဖရဲသီးတစ်လုံးကို ထပ်ခူးခဲ့ပါတယ်ခင်ဗျာ”

ပရိသတ်မှာတော့ ပါးစပ်တွေ အဟောင်းသား။

 

Credit - ကိုရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments