Header Ads

တစ်ခါကမိုး

အသက် ၂ဝ ကျော်လောက်က ‘ဂျူး’ ရဲ့ ‘မရှိမဖြစ်မိုး’ ဝတ္ထုကို ဖတ်လိုက်ရတယ်။
နောက် မကြာပါဘူး… အဲ့ဒီဝတ္ထုကို ရုပ်ရှင်ရိုက်ပါလေရော…

အဲဒီထဲက ဇာတ်ကောင် Essential Moe ရဲ့ ပုံပန်းသဏ္ဌန်ကို သဘောကျတယ်။
မှတ်မိနေတာက အရပ်မြင့်တယ်၊ ယောက်ျားရှပ်ကို ဝတ်လေ့ရှိတယ်၊ ယုံကြည်ချက်ပြင်းတယ်၊ မျက်နှာထားတင်းတယ်၊ ယောက်ျားတွေကို အထင်ကြီးကိုးစားလေ့ မရှိဘူး (အဲလိုပဲ မှတ်မိနေတယ်၊ မှားကောင်းမှားပါမယ်)

အဲဒီ Essential Moe ဇာတ်ကောင်နေရာမှာ စိုးမြတ်သူဇာကြီးကို ထားရိုက် တော့ ဝတ္ထုထဲက ဇာတ်ရုပ်နဲ့ ကွက်တိမဟုတ်ရင်တောင်မှ အတော်နီးစပ်တာကိုး။
အရပ်မြင့်မြင့်၊ မျက်နှာကြောတင်းတင်းနဲ့ ယောက်ျားရှပ်ဝတ်ထားတဲ့ စိုးမြတ်သူဇာကြီးကို အရမ်း အရမ်းကို သဘောကျမိသပေါ့။

ပြောချင်တာက ဒီနေ့ ဆေးခန်းကိစ္စ

ပြီးခဲ့တဲ့ Sunday အမှိုက်ကောက်ရင်း မိုးရေတနေ့လုံး အစိုခံလိုက်ရတော့ အဆုတ်ပွလေသလားမသိ၊ ရင်ဘတ်အပေါ်ပိုင်းက အောင့်အောင့်နေတာ။
ငွေကုန်ကြေးကျများမှာ စိုးလို့ ဆေးခန်းမသွား ဘဲ၊ ပျောက်နိုးပျောက်နိုး နဲ့ စောင့်နေတာ၊
ဝေဒနာတွေတိုးတိုးလာတော့ ကြာရင် ညီလေးစားမှာ စိုးလို့ ဆေးခန်းပြေး လိုက်တယ်… …
ဆေးခန်းထိုင်တဲ့ ဆရာဝန်မက Essential Moe ပုံဗျ။ ခက်ဘူး လား… …

စလုံးမှာ နေလာတာ ၈ နှစ်ကျော်ပြီ စင်္ကပူရီးယန်းထဲမှာ အဲလို ကျက်သရေရှိရှိ လှတာ တွေ့ဖို့အတော်ခဲယဉ်းတယ်ရယ်။
ယောက်ျားရှပ်ကို ဝတ်ထားတယ်၊ စတိုင်ဘောင်းဘီအနက်နဲ့၊ မိန်းမစီးရှုးကို စီးထားတယ်။ အရပ်ကမြင့်တယ်၊ ကိုယ်လုံးက မပိန်ပေမယ့် မဝပြန်ဘူး၊ တောင့်တောင့်ပြည့်ပြည့်။

သူထိုင်နေတာကို ဘေးတစ်စောင်းမြင်နေရတာ… ညွတ်ရမယ့်နေရာညွတ်၊ တွန့်ရမယ့်နေရာတွန့်၊ ကွေးရမယ့်နေရာကွေး၊ ဖောင်းရမယ့်နေရာ ဖောင်းတယ်ဗျ ခက်ဘူးလား…

ဘာလို့ အဲ့လောက် သိနေတာလဲဆိုတော့… သူက လူနာ တစ်ယောက် ကို ၁၀မိနစ် ၁၅မိနစ်လောက် စိတ်ရှည်လက်ရှည်ကြည့်တာကိုး။
လူနာကို စမ်းလိုက် ကွန်ပြူတာကို တဂျောက်ဂျောက်ရိုက်လိုက်ဆိုတော့ သူ့ကို လေ့လာချိန် ကောင်းကောင်းရတယ်လေ
ကိုယ့်အလှည့်ရောက်တော့...
နားကျပ်နဲ့ တစ်ကိုယ်လုံးထောက်ကြည့်ပြီးတော့ သူကပြောတယ်… …
နှလုံးကြောင့်လည်း ဖြစ်နိုင်တယ်၊ ကြွက်သားနာတာလည်း ဖြစ်နိုင်တယ်တဲ့
ဒီတော့ ECG ရိုက်ကြည့်မယ်၊ ဟိုဘက်ခန်းလိုက်ခဲ့ပါ…ဆိုတော့ လိုက်သွားတာပေါ့…. အခန်းထဲ ရောက်တော့ သူကပြောတယ်… …

“ကြယ်သီးဖြုတ်ပြီး ချွတ်လိုက်ပါ၊ ပြီးတော့ ဒီကုတင်ပေါ်လှဲပါ”… တဲ့။

လူက ရှိုးတိုးရှန့်တန့်ဖြစ်သွားတယ်၊
ရှက်တာပေါ့…

“ရှက်… ရှက် တယ် ဒေါက်တာ”
“ဟင်… ဒါ ရှက်စရာ မဟုတ်ဘူး၊ လုပ်ပါ”

ဒါနဲ့ ဘောင်းဘီက ကြယ်သီးကို ဖြုတ်ပြီး ဇစ်ကို ဆွဲချမယ်လည်းလုပ်ရော အော်ပါလေရောဗျာ… ..

“အာာာာား…. ဘာာ ဘာလုပ်တာလဲ၊ ငါပြောတာက အင်္ကျီ”
“ဟမ်…. င့ါအင်္ကျီက ကြယ်သီးမှ မပါတာ၊ ဒီမှာကြည့် တီရှပ်လေ၊ မင်းက ကြယ်သီးဖြုတ်ပြီး ချွတ်ဆိုတော့ ဘောင်းဘီကို ပြောတယ်မှတ်လို့၊ ဆောရီးနော်”
“ဟူး…. တော်ပါသေးရဲ့၊ ငါလည်း ပြောနေကျအတိုင်း ပြောမိတာ၊ ဆောရီး”

ငီး ငီး… …
Essential Moe တော့ ကံကောင်းသွားတယ်။
နို့မို့ ဒီဆရာဝန်မမ သုံးရက်လောက်တော့ ဖျားပြီသာမှတ်
(ကိုယ့်ဆီက အဖျားတွေ ကူးသွားမှာကို ပြောတာပါ)

သူ့ကို ကြယ်သီးမှားဖြုတ်ပြလို့လား မသိပါဘူးဗျာ လူကို ရင်ဘတ် ဟောင်းလောင်း၊ ကြိုးတွေ တန်းလန်းကြီးနဲ့ ကုတင်ပေါ်ပစ်ထားတာ နာရီဝက်လောက်ကြာတယ်။
အဲကွန်းခန်းဆိုတော့ အင်္ကျီလှန်ထားရတဲ့ ရင်ဘတ်က အေးတာဆိုမှ
ဟိုနေ့က မိုးမိလို့ မသေဘဲ၊ ဒီတခါ Essential Moe လုပ်မှ ကိစ္စချောမယ့် ပုံ။

အားလုံးပြီးလို့ လိုအပ်တဲ့ဆေးတွေ ရေးပေးတယ်၊ သောက်ရမယ့် အချိန်နဲ့ ပမာဏကိုပြောတယ်… ပြီးတော့ ECG စာရွက်ကို ကောက်ယူ ကြည့်ပြီး ပြော တယ် … …

“တစ်ပတ်ပဲ ခံမယ်နော်”… တဲ့။
“ဗျာ…. ဟာာာ… ဟာာာာ”

ဘုရား ဘုရား ဘုရား
မိန်းမမရခင် မသေချင်သေးဘူး ဒေါက်တာရယ် (လိုချင်တဲ့ မိန်းမပြောတာပါ ငိငိ)

လန့်သွားတဲ့ လူကိုကြည့်ပြီး အံ့သြဟန်မျက်နှာနဲ့ သူက ပြောတယ်… …

“ငါပြောတာက ငါပေးတဲ့ ဆေးက တစ်ပတ်စာပဲလို့”

ငင်… တော်ပါသေးရဲ့

အင်း… စလုံးမှာနေတာ ကြာပြီ၊ ခုထိ စလုံးစကားကို လုံးစေ့ပတ်စေ့ နားမလည်သေးပါလား။
ခက်ဘူးလား… …

ဒါနဲ့
ဆေးဖိုးရှင်းတော့ S$60 ကျတယ်။
- စမ်းသပ်ခ
- ဆေးဖိုးဝါးခ
- ECG ခ
- ရုပ်ချောခ
… ဆိုတော့ တန်ပါတယ် နော်
credit:beetalk

1 comment:

  1. လာလည်သွားတယ်နော် အရေးအသားတွေ မိုက်တယ် အောင်မြင်ပါစေ

    ReplyDelete