သိုင်းပြိုင်ပွဲ
အမေရိကန်သမ္မတကို အနီးကပ် ဓါးနဲ့လုပ်ကြံခံရမယ်လို့ သတင်းထွက်နေတဲ့အတွက် ဓါးရေးကျွမ်းကျင်တဲ့ ကိုယ်ရံတော်တစ်ယောက် ရှာဖွေနေပါတယ်။
လာရောက်လျှောက်ထားသူများစွာထဲက အဆင့်ဆင့်ရွေးချယ်ပြီးတဲ့အခါ နောက်ဆုံးဇကာတင် သုံးယောက်ကျန်ခဲ့တယ်။
တရုတ်ရှောင်လင်ဓါးသမားရယ်၊ ဂျပန်ဆာမူရိုင်းဓါးသမားရယ်၊ ဗမာ့ကိုးကျောင်းထွက်ဓါးသမားရယ်ပေါ့။
သမ္မတရှေ့မှာ နောက်ဆုံးအဆင့် ဓါးစွမ်းပြကြရမှာဖြစ်တယ်။
ပထမဆုံးအလှည့်ကျသူကတော့ ရှောင်လင်ဓါးသမား….
ရှောင်လင်ဝတ်စုံကြီးကို ကြွားကြွားရွားရွားဝတ်ထားပြီး လက်ထဲမှာ နဝရတ်ကိုးသွယ် စီချယ်ထားတဲ့ ဓါးကြီးနဲ့ ကွင်းထဲကိုဝင်လာတယ်။
ပြီးတော့ သူ့မှာပါလာတဲ့ ပုလင်းလေးတစ်လုံးကို ဖွင့်လိုက်တယ်၊ အထဲက ယင်ကောင်တစ်ကောင် ပျံထွက်လာတယ်၊ သူ့ဓါးကို လေထဲမှာ တစ်ချက်ဝှေ့လိုက်တယ်၊ ယင်ကောင် ကိုယ်နှစ်ပိုင်းပြတ်ပြီးကျလာတယ်… …
“အိုး…သိပ်ကောင်းတဲ့ ဓါးချက်ဘဲ”…လို့ သမ္မတကြီးက ချီးကျူးတယ်။
နောက်တစ်ယောက်…ဆာမူရိုင်းအလှည့်…
တစ်လံလောက်ရှည်တဲ့ ဆာမူရိုင်းဓါးကြီးကိုကိုင်စွဲလို့ ဆာမူရိုင်းဝတ်ရုံဖားဖားကြီးနဲ့ လွန်စွာမှ ခန့်ညားနေတယ်။
သူကလည်း ပါလာတဲ့ ပုလင်းလေးတစ်လုံးကို ဖွင့်လိုက်တယ်၊ အထဲက ယင်ကောင်တစ်ကောင် ပျံထွက်လာတယ်၊ သူ့ဓါးကို လေထဲမှာ နှစ်ချက်ဝှေ့လိုက်တယ်၊ ယင်ကောင် ကိုယ်လေးပိုင်းပြတ်ပြီးကျလာတယ်… …
“အိုး…သိပ် သိပ်ကို ကောင်းတဲ့ ဓါးချက်ဘဲ”…လို့ သမ္မတကြီးက အံ့သြတကြီး ချီးကျူးတယ်။
နောက်ဆုံး ဗမာ့ကိုးကျောင်းထွက် ဓါးသမားအလှည့်…
ပုဆိုးခါးတောင်ကြိုက်ကြီးနဲ့၊ လက်တစ်ဘက်မှာ ပုံးတစ်လုံး၊ လက်တစ်ဘက်မှာ ထင်းခွဲတဲ့ ဓါးမကြီးတစ်ချောင်းကိုင်ပြီး ကွင်းထဲ ခုန်ဝင်လာတယ်…
ပါလာတဲ့ပုံးကို ဖွင့်လိုက်တော့ ယင်ကောင်အကောင်တစ်ရာလောက် ပျံထွက်လာတယ်။
သူ့လက်ထဲက ဓါးမနဲ့ အချက်ပေါင်းများစွာ လိုက်ခုတ်တယ်။
ဝှစ်..ဝှစ် ရှပ် ရှပ် ယား…အိ အူး…အိုး အသံမျိုးစုံကို ထွက်လို့။ လူကလည်း ဆပ်ပြာသယ် လင်ပျောက်တဲ့အတိုင်း ပျာယာခပ်နေတာ…
ယင်ကောင်ကလည်း တစ်ကောင်မှ ကျမလာဘူး၊ လူက ဆက်ခုတ်နေတုံးဘဲ။ ကြာတော့ သမ္မတက စိတ်မရှည်တော့ဘဲ လှမ်းအော်တယ်… …
“ဟေ့ကောင်…ဟေ့ကောင်၊ ရပ်တော့ ရပ်တော့၊ ဘယ့်နှယ်ကွာ ဒီလောက်အများကြီးကို လိုက်ခုတ်တာ တစ်ကောင်မှလည်း မသေဘူး၊ ဒါနဲ့များ ပညာရှင်တွေကြား ဓါးစွမ်းလာပြရသေးတယ်၊ အံ့ပ့ါ”
ဒီတော့ ဗမာကိုးကျောင်းထွက်က ပြန်ပြောတယ်… …
“အောင်မာ၊ ခညားက ဘာသိလို့လဲ၊ ကျုပ်က ယင်ကောင်တွေကို အသေသတ်နေတာ မဟုတ်ဘူး၊ သူတို့ရဲ့ ခြေသည်းလက်သည်းတွေ ပုံဖော်ပေးနေတာ”
“ဟေ…အေ..”…သမ္မတ အံ့သြတစ်ကြီးဖြစ်လိုက်တာမှ ဘာပြောရမှန်းမသိအောင် ဖြစ်သွားတယ်။
ဒါနဲ့ မပြီးသေးဘူး ဗမာဓါးသမားဆက်ပြောလိုက်တဲ့ စကားကြောင့် အမေရိကန် သမ္မတခမျာ ငုတ်တုတ်ကြီး အသက်ထွက်သွားရှာသတဲ့…
ဗမာ့ဓါးသမား ဆက်ပြောတာက… …
“ဒါတောင် ခညားတားလိုက်လို့၊ ကျုပ်က အချိန်ရရင် မျက်ခုံးမွေးတောင်ရိတ်ပေးလိုက်မလို့ဟာ”…တဲ့။
Credit-သူရိန်ထွန်း
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment