ရှင်းနေတာပဲ
ရွှေပန်းတောရွာသား ဖဲသမားညွှန့်တင်ဟာ ဖဲဝါသနာတင်မကဘူး။ ယစ်ရွှေရည်ကိုပါ နှစ်သက်တဲ့ သကောင့်သားတစ်ဦးပါ။
တစ်ညနေခင်း သောက်ဖော်စားဖက် ဆကာကြီးကျွဲသိုးနဲ့ လည်ပင်းဖက်ပြီး အချိန်မတော်မှ အိမ်ပြန်ရောက်လာတယ်။ ကျွဲသိုးလည်း ညွှန့်တင်ကို စိတ်ချစွာပို့ပြီးခဲ့ပြီမို့ ပြန်ထွက်သွားကြတယ်။
ဇနီးသည် ခင်နှင်းအဖို့ ဖဲသမားညွှန့်တင် (ခေါ်)ယစ်ထုပ်ညွှန့်တင်နဲ့ အိမ်ထောင်ကျခဲ့တဲ့ သက်တမ်းက နည်းမှမနည်းလေတော့ လင်တော်မောင် သကောင့်သား ဘာလုပ်လုပ် ဘာကိုင်ကိုင် ထုံနေပါပြီ။ ဒါပေမဲ့ လင်တော်မောင်နဲ့ တွဲနေကျ ‘အရုပ်ကလေး မင်းသိမ်း” ကို မတွေ့ရတာကြာတော့ အံသြသလိုဖြစ်ပြီး မေးပါတယ်။
“ရှင် ကိုမင်းသိမ်းနဲ့ ဘာဖြစ်လို့ ဖဲမရိုက်တော့တာလဲ ဟင်”
သည်တော့ သကောင့်သားညွှန့်တင်ကလည်း ရှင်းရှင်းနဲ့ ဘွင်းဘွင်းဆိုသလို ရင်ဖွင့်ပြေဆိုပါတယ်။
“မင်းစဉ်းစားကြည့်စမ်း ခင်နှင်း။ ဖဲပွတ်နေရင်းက ရထားတဲ့ ဖဲပွင့်တွေကို အလိုမကျဖြစ်လို့ ငါချင်းမိုးမွန်အောင်ဆဲတဲ့သူ၊ ဖဲခိုးတဲ့သူ၊ ဖဲလိမ်တဲ့သူ။ သည်လိုလူမျိုးနဲ့ ဆိုရင် မင်းအနေနဲ့ အတူတူ ဖဲကစားနိုင်ပါ့မလား”
“ဟင့်အင်း ဘာဖြစ်လို့ ကစားရမှာတဲ့လဲ။သည်လောက် အကျင့်မကောင်းတဲ့သူများ”
“အေးလေ ခုလည်း ရှင်းနေတာပဲ။ အရုပ်ကလေး မင်းသိမ်းကလည်း ငါလိုလူနဲ့ ဘယ်ကစားပါ့မလဲလို့”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment