Header Ads

ပြတ်သားပြီဆိုမှဖြင့်

တူမလေး ချစ်ယမုံ လက်ထက်တော့မည်ဆိုသည့်အတွက် ရပ်ဝေးနေ အဒေါ်ဝမ်းကွဲတစ်ယောက် ရောက်လာပြီး ဝါသနာဗီဇအရင်းခံအတိုင်း စပ်စပ်စုစုလုပ်ကာ တစ်ဖက်သား မတောင်းခံပါဘဲနှင့် အကြံဥာဏ်တွေ မယူချင်မှအဆုံး တစ်ပေးလည်း ပေးနေတော့၏။

“ချစ်ယမုံရေ၊ ငါ့တူမချောလေးက မကြာခင်လက်ထက်တော့မယ်ဆိုတော့ အကြံဥာဏ်ပေးရဦးမယ်။ ‘မယားနေစ ကြောင်သေမှ’ ဆိုတဲ့စကားရှိသလို ‘လင်နေစ ဆင်သေမှ’ ဆိုတာလည်း ရှိသကွဲ့။ သည်တော့ ယောကျာင်္းတွေကို ဘယ်တော့မှ ပ စားမပေးရသလို အလွယ်တကူ လိုက်လျောမှုမျိုးလည်း မလုပ်ရဘူး။

အန်တီ လက်ထက်တုန်းကဆိုရင် လက်ထက်နေ့မှာပဲ စည်းကမ်းချက်တွေကို ပြတ်ပြတ်သားသား ထုတ်ပြန်လိုက်တယ်”

“ဘယ်လိုစည်းကမ်းတွေပါလိမ့် လုပ်စမ်းပါဦး အန်တီရယ်”

“အေး ဘာတွေလဲဆိုတော့ ကွမ်းမစားရဘူး၊ ဆေးလိပ်အရက် မသောက်ရဘူး၊ လောင်းကစား မလုပ်ရဘူး၊ အလုပ်ဆင်းတာနဲ့ အိမ်ကိုစောစောပြန်ရမယ်၊ ဆိုတာတွေပဲပေါ့”

“ဟယ် ကောင်းလိုက်တာ၊ အခု အန်တီယောကျာင်္း အိမ်မှာ ရှိသလားဟင်”

“ပြော… မပြောချင်ပါဘူးကွယ်၊ သေနာကျ ဘိန်းသမား၊အရက်သမား၊ ဖဲသမား ညွှန့်တင်ဆိုတဲ့ အစ်မယောကျာင်္းဟာ စည်းကမ်းချက်တွေ ထုတ်ပြန်တဲ့နေ့ကစပြီး အိမ်ကို ပြန်မလာဘဲ ခြေရာပျောက်သွားတာ အနှစ် နှစ်ဆယ် ကျော်သွားပြီကောလေ”

“အယ်…”


Credit - ကိုရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments