ဈေးသည်စကား
ဈေးသည်ကတော့ ဒီပုံပဲလို့ ဆိုတာဟာ ကိုယ့်ပစ္စည်း ရောင်းစာရေးကလွဲလို့ ဘာမှမသိတာကို ဆိုချင်တာပါ။ကိုယ့်အော်သံကိုတောင် အဟုတ်ထင်ပြီး ဝယ်သွားမိတဲ့လူမှာ အသုံးမှတည့်ပါ့မလား၊ ဈေးသည် မတွေးပါဘူး။ ကိုယ့်ပစ္စည်းကို ဝယ်သွားသူဟာ အိမ်ရောက်မှ ဆဲဆိုပြီး လွှင့်ပစ်ရလေမလား၊ ဒါလည်း မတွက်ပါဘူး၊ ပုပ်နေတဲ့အသားကို “လတ်သမှ သိပ်လတ်လို့ အော်တယ်။ မချိုတဲ့အသီးကို “သကြားလားမှတ်ရ သိပ်ချိုတာပဲ” လို့အော်ပါတယ်။
ဟော… ပြောင်းဖူးပြုတ်သည်နဲ့ လှတောသားတို့ တွေ့ပြီ။
“လာကြနော်၊ ပလို့ပြောင်း ပူပူနွေးနွေးတွေ၊ အရမ်းချိုတာပဲ၊ နိုင်လွန်ပြောင်း သကြားပြောင်း”
ပလို့ရွာက ပြောင်းဖူး အလွန်ကောင်းတယ် ကြားဖူးတဲ့အတွက် အော်တာ။ သူဝယ်ခဲ့တဲ့ ပြောင်းဖူးတွေက တိုက်ကြီးပြောင်း။
လှတောသားက အဝတ်မည်းကြီး အုပ်ထားတဲ့ ပြောင်းဖူးပြုတ်ကို လက်ညှိုးထိုးပြတယ်။ ပြောင်းဖူးသည်က အခွံလှန်ထားတဲ့ တစ်ဖူး ပေးလိုက်တယ်။
‘ပူပူပေးစမ်းပါ ဈေးသည်ရဲ့”
ပြောင်းဖူးသည်က နောက်ထပ်တစ်ဖူး လဲလှယ်ကြည့်တယ်။ လှတောသားဟာ သုံးဖူးအထိ သည်းခံ လဲလှယ်ကြည့်တယ်။ စတုတ္ထအဖူးကို ကိုင်အပြီးမှာတော့ ချထားခဲ့လေရဲ့။
“အော်တုန်းက ပြောင်းဖူးပြုတ် ပူပူနွေးနွေးတဲ့၊ ဟလိုလေးကွယ့် ပြောင်းဖူးပြုတ်ရဲ့ ရေခဲစိမ်လား မှတ်ရ၊ သည်ပြောင်းဖူးကိုသာ ဝယ်စားမိရင် ငုပ်နေတဲ့ ငှက်ဖျားတောင် ပြန်ပေါ်မှာစိုးရသဟေ့”
ကျောခိုင်းပြီး ရေရွတ်သွားတဲ့အတွက် ပြောင်းဖူးသည်က အော်ပြီး ရန်တွေ့တယ်။ ရန်တွေ့ပေမယ့် အာညောင်းရုံပဲ ရှိတယ်။ လှတောသားက ဝေးသွားပါပြီ။
Credit – လှတောသား
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment