Header Ads

ကျောပေါ်ကအသံ

လူကိုခင်ပါ၏။ အကြွေးသည်းခံပါ ဆိုတာလိုပဲ၊ မင်းမင်းကိုလည်း  “လူကိုခင်ပါ၏။ ညည်းတွားခြင်း သည်းခံပါ” လို့ ဆိုင်းဘုတ်ချိတ်ထားကြတယ်။ ဒါကြောင့် မင်းမင်းအနေနဲ့ လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဆုံမိရင် မညည်းမိအောင် အရမ်းသတိထားတယ်။

အဲသည်လိုနေပါလျက်က အမှတ်မဲ့ ညည်းမိတယ်။

“ပဲ့ခင်းကို ကြွက်တွေစားလွန်းလို့ အိပ်ရေးပျက်ခံ စောင့်နေရတဲ့အထဲမှာ အကြီးကလေးက ဖျား၊ အို…. ဆောရီးကွာ”

ညည်းလို့ တစ်ဝက်လောက်ရောက်မှ ညည်းတာကို သူငယ်ချင်းတွေ မကြိုက်မှန်း သတိရလို့ ကပျာကယာ ရပ်လိုက်တယ်။

“ ညည်းတွားရုံနဲ့ အခက်အခဲပြေမယ်ဆိုရင် ခိုကို ကျောမှာပိုးထားမှာပေါ့ကွာ၊ ဘေးလူ စိတ်မချမ်းသာတာက လွဲလို့ ဘာမှအကျိုးမရှိဘူး”

“ဟုတ်ပါတယ်ကွာ၊ မေ့သွားလို့ပါ’

မင်းမင်းက အားနာသံနဲ့ တောင်းပန်တယ်။

“ငါကလဲ ညည်းတာကို ဘယ်လောက် မုန်းသလဲဆိုရင် ကျောက်တွင်းက ပါလာတဲ့ ငှက်ဖျား အဖျားတက်ရောဟေ့၊ ပါးစပ်ပိတ်ထားရင် ဟင်းဟင်း.. ဟင်း.ဟင်း အသံထွက်ပြီး ညည်းသံနဲ့တူမှာစိုးလို့ ပါးစပ် ဟထားရ’

“ပါးစပ်ဟထားတော့ ဘယ်လိုအသံထွက်မလဲ”

“ဟေ့။ ဟေး… ဟေး .. ဟိုး… ဟိုး… ဟိုး… ဟား.. ဟား… ပေါ့”

တစ်စားပွဲသာမက အနီးက စားပွဲများရှိ လူတွေပါ ရယ်မောကြလေရဲ့။

 

Credit – လှတောသား



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments