ကလေးစကားမို့သာ
အတိုအစတွေစုပေါင်းပြသတဲ့ ရုပ်ရှင်ရုံကို ကလေးတွေစုရုံးရောက်ရှိ လာကြတယ်။သွေးစုတ်ဖုတ်ကောင်ကြီးကြီး၊ နာမည်ကျော်သေနတ် သမားကြီး၊အတောင်ပါသောမင်းသမီးစသည်ဖြင့် ကလေးတွေစိတ်ဝင် စားအောင် ပိတ်ကားကြီးတွေနဲ့ ကြော်ငြာထားတယ်လေ။
“ သွေးစုပ်ဖုတ်ကောင်သာဆိုတယ် လူပဲကွာ သွားတွေကရှည်ကြီး၊သူ့ပါးစပ်ထဲမှာလည်း သွေးတွေပြည့်နေတာဘဲ။ ”
ဝိုင်းမော့နေသောကလေးများထဲမှတစ်ယောက်က စပြောလိုက်တယ်၊ အနီးဆုံးကလေးက ပုခုံးချင်းတွန်းပြီး မေးတယ်။
“ဘယ်မှာတုန်း ၊အိမ်မက်ထဲမှာလား”
“ဘယ်ကအိမ်မကိဟုတ်ရမှာလဲ ၊ရုပ်ရှင်ထဲမှာပေါ့”
“မင်းကံကောင်းတယ်ဟ ..ထီထိုး”
တစ်ယောက်ကျော်ရှိ ရွယ်တူကလေးတစ်ယောက်ကလှမ်းပြောတယ်။
“ဘာဖြစ်လို့ ထီထိုးရမှာလဲ ၊မင်းဟာက မဆီမဆိုင် ”
“ဒီရုံမှာကြော်ငြာထားတာကို ဘယ်တော့မှပိတ်ကားပေါ်မှာမကြည့်ရဘူး၊ကြော်ငြာတခြား၊ပြတာတခြားနဲ့ချည်း ငါတို့ခံနေရတာ”
“ဒါဖြင့်လိမ်တာပေါ့”
“ အလိုလေး လိမ်ပုံများတော့ စေတီယမင်းရဲ့ အဖေ၊စိဉ္ဇမာန ရဲ့အဘိုးတွေများ ရုပ်ရှင်လာပြနေသလား မှတ်ရသဟေ့ ”
(စေတီယမင်းမှာ မုသားပြောသောကြောင့် မြေမျိုသူ၊စိဉ္ဇမာနမှာလည်း မြတ်စွာ ဘုရားအားလိမ်ညာစွပ်စွဲသဖြင့် မြေမျိုခံရသူဖြစ်သည်။)
ကလေးတွေကျယ်လောင်ကျယ်လောင်ပြောနေသံကို လက်မှတ်ရောင်းသူ ကကြားနေရတယ်၊ကြားပေမယ့် ဘာမှမတက်နိုင်ဘူး ကလေးတွေမဟုတ်လား သို့ပေမယ့် ကလေးစကားက နှာနုကိုထိတယ်လေ။
Credit - လှတောသား
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment